မကွေးတိုင်းသေကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့(MDPDF) နှင့် ယောပြည်သူကာကွယ်ရေးတပ်ဖွဲ့(YDF)တို့ မဟာမိတ်ဖွဲ့စည်းကြောင်း ပြည်သူများသို့အသိပေး သဘောထားထုတ်ပြန်ချက်
ကျွန်ုပ်တို့ Yaw Defense Force (YDF) နှင့် Magway Division People Defense Force (MDPDF) တို့သည် အာဏာရှင်စနစ်ပျက်သုန်းရေး၊ ပြည်သူရွေးချယ်တင်မြှောက်သော အစိုးရတရပ် ဖြစ်ပေါ်လာရေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး တန်းတူညီမျှမှု ရရှိရေး တို့အပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် ဖွဲ့စည်းထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်ထောင်စု ဖက်ဒရယ် နိုင်ငံတော် တည်ဆောက်ရေးတို့ကို ဦးတည်ပြီး တရားသောစစ်ပွဲအား ယုံကြည်ချက်အပြည့်အဝဖြင့် ပါဝင်ဆင်နွှဲသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုကြီး ဖြစ်သည်နှင့်အညီ မဟာလူမျိုးကြီးဝါဒ၊ အစွန်းရောက် လူမျိုးစွဲဝါဒ၊ အစွန်းရောက် ဘာသာရေး နှင့် အမျိုးသားရေး သမားများသည် တိုင်း နှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးတို့အတွက် ကြီးမားသော အဟန့်အတားကြီးတရပ် အဖြစ် ရှိနေခဲ့ပေသည်။ အထူးသဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့သော စစ်အာဏာရှင် လူတန်းစားတရပ်သည် တိုင်းပြည် သံယံဇတ သဘာဝရင်းမြစ်များ နှင့် လူသားရင်းမြစ်များကို ထင်ထင်ရှားရှား ဖျက်စီး၍ ဂုတ်သွေးစုပ်နေခဲ့သည်မှာ ၅၉ နှစ် တိတိရှိခဲ့ပြီး ယနေ့ထက်တိုင် အမြစ်မပြတ်သေးချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုယိုယွင်းနေသော တိုင်းပြည်အခြေအနေကို ပြန်လည်တည့်မတ်၍ လောကပါလတရားများ ထွန်းကာလာပြီး မြန်မာပြည်သူပြည်သားများ အားလုံး လူသားဂုဏ်သိက္ခာဖြင့် ကမ္ဘာ့အလည်တွင် လွတ်လပ်စွာ ရပ်တည်နေနိုင်ရေးကိုဦးတည်၍ နှစ်ဦးနှစ်ဖက် ပြည့်ဝသော ယုံကြည်ချက်ဖြင့် အချင်းချင်း အပြန်အလှန်စောင့်ရှောက်ကာ မဟာမိတ်အဖွဲ့ အဖြစ် သစ္စာစောင့်ထိန်း ရပ်တည်သွားမည်ဖြစ်ကြောင်း အများပြည်သူတို့ကို အသိပေးအပ်ပါသည်။
Magway Division Defence Force page
https://www.facebook.com/Magway-Division-Peoples-Defense-Force-MDPDF-110138751260301/
Yaw Defence Force page https://www.facebook.com/Yaw-Defense-Force-YDF-100931942244308/
