
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်
ယနေ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ တွင် ကျောမြို့ ကပစ (၂၃) ၌ တပ်စွဲထားသော အင်အား စစ်ကား အစီး(၆၀) နှင့် သံချပ်ကာယန္တရား အပါအဝင် စစ်ကြောင်းသည် ဂန့်ဂေါမြို့သို့ ဦးတည်၍ ချီတက်လာရာ မိမိတို့ ယောဒသ ကာကွယ်ရေး တပ်ဖွဲ့က (၂) ကြိမ် ဆီးကြိုတိုက်ခိုက်ခဲ့သည်။
ပထမ တိုက်ပွဲအဖြစ် နံနက် (၈) နာရီ အချိန်ခန့်တွင် ကျောမြို့ ကပစ (၂၃) မှ ထွက်ခွာလာသော စစ်ကောင်စီ ယာဥ်တန်း (၈) စီး ကို ပုံညာတောင်တန်းအဆင်း၌ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁၃) မှ စစ်ကြောင်းမှူးဦးစီး တပ်ဖွဲ့ဝင်များက မိုင်းစစ်ဆင်ရေး အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ယာဥ်တန်းမှ နောက်ဆုံး (၂) စီး ပျက်ဆီးခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား (၁၀) ဦး ကျော် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်း ရှိခဲ့သည်။
ဒုတိယတိုက်ပွဲအဖြစ် စစ်ကောင်စီတပ်မှ ကား(၄) စီးဖြင့် စစ်ကူထပ်မံလိုက်ပါလာသဖြင့် မိမိတို့ တပ်ရင်း (၁၃) မှ ရဲဘော်များက ထပ်မံတိုက်ခိုက်ခဲ့သည်။ ဖြစ်စဥ်အကျဥ်းမှာ စစ်ကောင်စီစစ်ကြောင်းအား မိုင်းခွဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်များက ကားပေါ်မှဆင်း၍ ဖြန့်ခွဲနေရာမယူခင် မိမိတို့ ရဲဘော်များက လက်နက်ကြီးများဖြင့် ချက်ချင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိခဲ့သည်။ အဆိုပါတိုက်ပွဲ အပြီးတွင် စစ်ကောင်စီ ရဟတ်ယာဥ်တစ်စီးဖြင့် စစ်ကောင်စီဘက်မှ အလောင်းတစ်လောင်းအား အားချင်း သယ်ယူသွားကြောင်း တွေ့ရှိရသဖြင့် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးထက် မနိမ့်သော အဆင့်မြင့်အရာရှိတစ်ဦး တိုက်ပွဲတွင်း သေဆုံးသွားကြောင်း သုံးသပ်ရသည်။ကျန်သော စစ်ကောင်စီတပ်မှ သေဆုံးသည့် တပ်သားများကို ရေမျက်နီရွာတွင် သင်္ဂြိုလ်ကြောင်း သိရှိရသည်။
ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ(၃၀)ကျော်သေဆုံးပြီး မိမိတို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိပါ။ လက်ရှိတွင် စစ်ကောင်စီယာဥ်တန်းသည် ညောင်လယ်ရွာတွင် တပ်စွဲထားပြီး မိမိတို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိမိတို့ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လျှက်ရှိသော စစ်ကောင်စီကို အဆုံးထိ ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း တိုက်ပွဲသတင်း ထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးဌာန
ဗဟိုဌာနချုပ်
ယောဒေသကာကွယ်ရေးတပ်ဖွဲ့